ကျောက်ကပ် အစားထိုးမှုနောက်ပိုင်း ကျန်းမာရေး ဘယ်လို ဂရုစိုက်မလဲ
ကျောက်ကပ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ကိုယ်တွင်းက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းလေးပါ။ ကျောက်ကပ်က လူတိုင်းမှာ တစ်စုံ ပါတာ ဆိုပေမယ့် ကျောက်ကပ် တစ်ဖက်တည်းနဲ့လည်း အသက်ရှင်နိုင်ပါတယ်။
ကျောက်ကပ်က ကျန်းမာရေး အခြေအနေကြောင့် ပျက်စီးခဲ့မယ်ဆိုရင်လည်း ကိုက်ညီမှုရှိတဲ့ ကျောက်ကပ်ကို အစားထိုး ကုသလို့ ရပါတယ်။ ဒီလို ကျောက်ကပ် အစားထိုး ကုသပြီးချိန်မှာ ကျန်းမာစေဖို့ သေချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဒီတော့ ကျောက်ကပ် အစားထိုးပြီး နောက်ပိုင်းမှာ ကျန်းမာနေစေဖို့ အခုလိုလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။
ဒီတော့ ကျောက်ကပ် အစားထိုး ကုသပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
- ဆေးတွေကို သေချာလေး ဂရုစိုက်ပါ
ကျောက်ကပ် အစားထိုးပြီးချိန်မှာ အရေးကြီးဆုံး အချက်တစ်ခုကတော့ ကျောက်ကပ်ကို ခန္ဓာကိုယ်က ငြင်းပယ်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ခံအားကို ချပေးတဲ့ ဆေးတွေ သောက်သုံးတာအပြင် အမျိုးမျိုးသော လိုအပ်တဲ့ ဆေးတွေကို သေချာလေး ဆေးညွှန်း မှန်မှန် သောက်သုံးဖို့ လိုပါမယ်။
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ
ကျောက်ကပ် အစားထိုး ကုသပြီးချိန်မှာ ပုံမှန် လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ အစားထိုးထားတဲ့ ကျောက်ကပ်က သေချာလေး အလုပ်လုပ်ရဲ့လား ဆိုတာက စလို့ သွေးတွင်းက အခြေအနေ အမျိုးမျိုးကိုပါ။ ဒါကြောင့် ကျောက်ကပ် ကျန်းမာရေးကို သိရှိနိုင်စေမယ့် ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်လေး လုပ်ပေးပါ။
- ဆေးခန်း ရက်ချိန်း မှန်မှန် ပြပါ
ကျောက်ကပ် အစားထိုးပြီးချိန်မှာ ကျောက်ကပ် အစားထိုးမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆေးခန်း ပြန်ပြရမယ့် ရက်လေးတွေကို ရက်ချိန်း မှန်မှန်လေး သေချာ ပြပေးပါ။ ဒီလို ပြပေးတာက မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်မှာပါ။
- သန့်သန့်ရှင်းရှင်းနေပါ
ကျောက်ကပ် အစားထိုးပြီးချိန်မှာ ပိုးဝင်ကူးစက်တာမျိုး၊ တုပ်ကွေးလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာ ဂရုစိုက်ပေးပါ။ ဖျားနာတာမျိုး၊ ပိုးဝင်တဲ့ လက္ခဏာမျိုး တွေ့ရရင်ဖြစ်ဖြစ်၊ ဆီးသွားရခက်တာ၊ ဆီးအရောင်နောက်တာ၊ ဆီးအနံ့ပြင်းတာတွေ ဖြစ်မယ်ဆိုရင် တတ်သိနားလည်သူနဲ့ ချက်ချင်း ပြသပေးပါ။
- ရေသောက်ပါ
ကျောက်ကပ် အစားထိုးပြီးချိန်မှာ ရေဓာတ်ပြည့်ဝဖို့က အတော်လေး အရေးပါပါတယ်။ ကျောက်ကပ် အစားထိုး ကုသပြီးချိန်မှာ တစ်နေ့ကို ရေ ၂ လီတာလောက် သောက်ပေးပါ။ ဒီလို ရေဓာတ် ပြည့်ဝအောင် သောက်တဲ့နေရာမှာ ကဖင်းပါတဲ့ သောက်စရာတွေ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို မသောက်မိဖို့ လိုပါမယ်။
- အာဟာရ မျှတအောင် စားပါ
ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးချိန်မှာ အဆီနည်းပြီး ဆိုဒီယမ် ပါဝင်မှု နည်းတာတွေကို စားပေးပါ။ ကျောက်ကပ် အစားထိုးပြီးချိန်မှာ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ။
- သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါ
ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းညှိဖို့ လိုပါမယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက အစားထိုးထားတဲ့ ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ကူးစက်ရောဂါ ဝင်နိုင်ခြေ များသလို၊ နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ နဲ့ ကိုယ်အင်္ဂါကို ငြင်းဆန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှု အစားထိုးထားတဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
ဒီအချက်တွေ အပြင် ကျောက်ကပ် အစားထိုးပြီးချိန်မှာ ကျန်းမာစေဖို့အတွက်
- လေ့ကျင့်ခန်း ပုံမှန် လုပ်တာ
- နှလုံး ကျန်းမာရေးကို ဂရုစိုက်တာ
- သွေးပေါင်ချိန် ထိန်းညှိတာ
- အိပ်ရေးဝဝ အိပ်တာ
- ကိုယ်အလေးချိန် ထိန်းတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
မွန်မွန်